သင့်ရဲ့ တည်နေရာကို ကောင်းစွာ အသုံးပြုနိုင်တဲ့ Android Apps အမျိုးအစား ငါးခု

GPS နဲ့ Mobile Data ကို အသုံးပြုပြီး သင့်ရဲ့ တည်နေရာကို ရှာဖွေရတာ ဘက်ထရီကုန်စေပါတယ်။ ဒါဆိုရင် အဲဒီစွမ်းဆောင်ချက်ကို အသုံးပြုသင့်သလားဆိုတာ မေးစရာ ရှိပါတယ်။ ဟုတ်ကဲ့ သုံးသင့်ပါတယ်။ သင့်ရဲ့ တည်နေရာကို ကောင်းစွာ အသုံးပြုနိုင်တဲ့ Android Apps အမျိုးအစားငါးခုကို ဖော်ပြလိုက်ပါတယ်။ ဒီ App တွေက သင့်ရဲ့ နေ့စဉ် ဒစ်ဂျစ်တယ် လူနေမှုဘ၀ကို ကောင်းမွန်စေမှာပါ။
ကားမောင်းခြင်း။
Android Phone အများစုမှာ နဂိုပါရှိတဲ့ Google Maps သာမက Sygic နဲ့ HERE တို့က သင် ကားမောင်းရင် အထောက်အကူပြုပေးနိုင်ပါတယ်။ အဲဒီ App တွေက သင့်ရဲ့တည်နေရာကို မြေပုံပေါ်မှာ ဖော်ပြပေးနိုင်ပြီး သင်သွားချင်တဲ့ တည်နေရာကို လမ်းညွှန်ပေးနိုင်ပါတယ်။ Google Maps မှာတော့ Turn-by-Turn Navigation ခေါ် တစ်ဆင့်ချင်းလမ်းညွှန်မှုကို အသုံးပြုရင် အင်တာနက် ချိတ်ဆက်ထားရမှာဖြစ်ပြီး Sygic နဲ့ HERE တို့မှာတော့ Offline အသုံးပြုနိုင်ပါတယ်။
အခြားနိုင်ငံတွေမှာ ဆိုရင်တော့ Uber နဲ့ Lyft အငှားယာဉ်ဝန်ဆောင်မှု App တွေကို အသုံးပြုပြီး သင့်အနီးအနားမှာ ရှိတဲ့ အငှားယာဉ်တွေကို အမြန်ဆုံး ဆက်သွယ်နိုင်မှာပါ။ အဲဒီဝန်ဆောင်မှုတွေက သင်သွားမယ့် တည်နေရာကိုပဲ သွားမယ့် အခြား လူတွေကို ခေါ်ဆောင်လာမှာ ဖြစ်တဲ့အတွက် အငှားယာဉ် ဈေးနှုန်းကလည်း သက်သာပါတယ်။
1
သင့်ရဲ့ တည်နေရာကို မျှဝေခြင်း။
သင့်ရဲ့ သူငယ်ချင်းတွေနဲ့ ချိန်းဆိုထားစဉ်မှာ နောက်ကျနေတယ်ဆိုရင် သူတို့က သင့်ကို ဖုန်းဆက်မေးမြန်းကြမှာပါ။ ဒီလို ဖုန်းတွေ ၀င်လာတာ အနှောင့်အယှက်ဖြစ်တယ်ဆိုရင်တော့ Glympse ကို အသုံးပြုပါ။ App က သင့်ရဲ့ တည်နေရာကို မြေပုံပေါ်မှာ သူငယ်ချင်းတွေကို စဉ်ဆက်မပြတ်ပြသပေးနေမှာပါ။ တည်နေရာ မျှဝေမှုကို သင်က ပိတ်ထားချင်ရင်လည်း ပိတ်ထားနိုင်တဲ့အတွက် အခြား အချိန်တွေမှာ သင့်တည်နေရာကို ဘယ်သူမှ မသိနိုင်ပါဘူး။
နှစ်ဦးနှစ်ဖက် တည်နေရာကို စဉ်ဆက်မပြတ် မျှဝေချင်ရင်တော့ Jink ကို ရွေးချယ်နိုင်ပါတယ်။ Beta Version သာရှိသေးပေမယ့် Google Play Store ကနေ ဘယ်သူမဆို ရယူနိုင်ပါတယ်။
2
နေရာအသစ်များကို ရှာဖွေခြင်း။
သင်နဲ့ သင့်သူငယ်ချင်းတွေ အပြင်မှာ လည်ပတ်ဖို့ ရောက်ရှိနေကြပြီး ဘယ်နေရာသွားရင်ကောင်းမလဲလို့ စဉ်းစားမရ ဖြစ်နေရင်တော့ ဒီ Apps တွေကို ဆောင်ထားပါ။ Urbanspoon, Zagat, Foursquare, Yelp စတဲ့ App တွေက စားသောက်ဆိုင်တွေ အပါအ၀င် ပျော်စရာကောင်းတဲ့ နေရာတွေကို သင်တို့အတွက် ရှာပေးမှာပါ။
3
Social ကျခြင်း။
သင်ရောက်ရှိနေတဲ့ နေရာကောင်းလေးတစ်ခုကို သူငယ်ချင်းတွေနဲ့ မျှဝေတာကလည်း Social ကျစေမှာဖြစ်ပါတယ်။ ဒီလိုလုပ်ဖို့ စာရေးသားပြီး မျှဝေစရာမလိုပါဘူး။ လူမှုကွန်ရက် အချို့က ဒီလိုလုပ်ဖို့ ရိုးရှင်းလွယ်ကူတဲ့ နည်းလမ်းကို ပံ့ပိုးပေးထားပါတယ်။ Facebook က သင်ရောက်ရှိနေတဲ့ တည်နေရာကို မျှဝေဖို့ Check-In စွမ်းဆောင်ချက်ကို ထည့်သွင်းပေးထားပါတယ်။
တည်နေရာကို သူငယ်ချင်းတွေနဲ့ မျှဝေတာ အပြင် သင့် အနီးအနားမှ သူငယ်ချင်းအသစ်တွေကို ရှာဖွေရတာကလည်း သင့်ရဲ့ လူမှုကွန်ရက်ကို တိုးပွားစေမှာပါ။ Google Plus App မှာ သင့်အနီးအနားမှ သူငယ်ချင်းတွေကို ရှာဖွေနိုင်တဲ့ စွမ်းဆောင်ချက်ကို ထည့်သွင်းပေးထားပါတယ်။
4
ပျောက်ဆုံးသွားတဲ့ Device ကို ရှာဖွေခြင်း။
Google က ပျောက်ဆုံးသွားတဲ့ Android Device တွေကို ရှာဖွေဖို့ Android Device Manager ကို ထည့်သွင်းပေးထားပါတယ်။ သင့်ဖုန်း မပျောက်ခင်မှာ Google Settings App> Android Device Manager ထဲသွားပြီး Option နှစ်ခုကို အမှန်ခြစ်ပေးထားရမှာပါ။ သင့်ဖုန်းပျောက်သွားရင် Android Device Manager Website ကနေ သင့်ဖုန်းရဲ့ တည်နေရာကို မြေပုံပေါ်မှာ ခြေရာခံနိုင်ပါတယ်။
5
သင့်ဖုန်းမှာ Android Device Manager ကို On မလုပ်ထားမိဘဲ ဖုန်းပျောက်ဆုံးသွားရင်လည်း သင့်ဖုန်းရဲ့ တည်နေရာကို ခြေရာခံနိုင်တဲ့ အခွင့်အရေးရှိပါသေးတယ်။ ကွန်ပြူတာကနေ Google Play Store ထဲသွားပြီး သင့်အကောင့်နဲ့ ၀င်ပါ။ Android Lost, Lookout, Cerberus , Prey တို့လို App တွေကို ရှာပြီး သင့်ဖုန်းရဲ့ Android Version နဲ့ ကိုက်ညီတာကို ရွေးချယ်ပြီး အင်စတောလုပ်ပါ။ ဒါဆိုရင် သင့်ဖုန်း အင်တာနက်ချိတ်ဆက်နေတဲ့အချိန်မှာ Remote Install လုပ်ပေးမှာပါ။ ပြီးရင်တော့ သက်ဆိုင်ရာ ၀န်ဆောင်မှုရဲ့ ၀က်ဆိုက်ကနေ ပျောက်ဆုံးသွားတဲ့ သင့်ဖုန်းကို မြေပုံပေါ်မှာ ရှာဖွေနိုင်ပါတယ်။
Android Device တစ်ခုရဲ့ တည်နေရာကို ကောင်းစွာ အသုံးချနိုင်တဲ့ Apps များစွာ ရှိပါတယ်။ အခုဆောင်းပါးမှာတော့ ကောင်းနိုးရာရာ Apps အမျိုးအစားငါးခုကို ဖော်ပြပေးလိုက်တာပါ။

ref;http://www.myanmardigitallife.com/