ဆင်းကဒ် လော့ဖုန်းဆိုတာ

sim unlocked

ဆင်းကဒ် ကို လော့ချထားတဲ့ ဖုန်းကို Locked SIM Phone, Locked Phone အစရှိသဖြင့် အမျိုးမျိုးခေါ်ပါတယ်။ အားလုံး အတူတူပါပဲ။ နိုင်ငံတကာမှာ ကျနော်တို့ မြန်မာပြည်က တယ်လီကွန်မြူနီကေးရှင်း ထောက်ပံ့ပေးတဲ့ တယ်လီနော၊ အော်ရီဒူးတို့လိုပဲ ဝန်ဆောင်မှု ကုမ္ဗဏီတွေ အသီးသီး ရှိပါတယ်။ ဥပမာ အားဖြင့် ဆိုရရင် AT&T, Vadafone အစရှိသဖြင့်တို့ ဖြစ်ပါတယ်။ သူတို့က ဆင်းကဒ်ပဲ ရောင်းတာ မဟုတ်ပါဘူး။ ဆင်းကဒ် ရောင်းအားတိုးအောင် ဖုန်းပါ ရောင်းပါတယ်။
ဒါကြောင့်မို့ သူတို့ရဲ့ ဆက်သွယ်ရေးစနစ် နည်းပညာနဲ့ လျော်ညီ အံကိုက်ဖြစ်တဲ့ ဖုန်းများကို ရောင်းပေးပါတယ်။ သူတို့ ဆင်းကဒ်နဲ့ ဖုန်းကို ဝယ်ရင် ဈေးကို ချပေးထားတာမျိုးတို့၊ လစဉ် ငွေပေးချေ စနစ်နဲ့ ၁၀၀၊ ၁၀၀ စီ ခွဲသွင်းရတာမျိုး အစရှိသဖြင့် Plan များ ထားရှိတာကြောင့် လူတိုင်းနီးပါး အဆင့်မြင့်ဖုန်းများ ကိုင်နိုင်ပါတယ်။ သူတို့အနေနဲ့ လူကို ဈေးသက်သာလုပ်ပေးရတော့မယ့် ရည်ရွယ်ချက်ကြောင့်ပဲ ဖြစ်ဖြစ် ဖုန်း ဆက်သွယ်ရေး နည်းပညာ ပိုကောင်းရန်ပဲ ဖြစ်ဖြစ် SIM ကဒ်ကို lock လုပ်၊ သော့ခပ်တဲ့ စနစ်တွေကို ကျင့်သုံးကြ ပါတယ်။ ယင်း စနစ်ကို သုံးခြင်းက အဲ့ဒီဖုန်းကို သုံးရင် အဲ့ဒီဖုန်းကို ရောင်းချပေးတဲ့ ဆက်သွယ်ရေး ကုမ္ဗဏီရဲ့ ကဒ်ကို အကောင်းဆုံး သုံးနိုင်တာမျိုးတို့ ဖြစ်ပါတယ်။
ဒါကြောင့်မို့ Samsung, နဲ့ အခြားသော ဖုန်းအသီးသီးတို့မှာ AT&T, Vadafone, Verizon အစရှိသဖြင့် ဖုန်းနောက်ကျောမှာ ဆက်သွယ်ရေး ကုမ္ဗဏီရဲ့ အမည်နဲ့ လိုဂိုလေးတွေ ပါလာတာကို မြင်ရပါလိမ့်မယ်။ အဲ့လိုလေးတွေ ပါရင် အများစုက Locked ဖုန်းများ ဖြစ်ပါတယ်။
သူ့ရဲ့ အကျိုးဆက်အနေနဲ့ကတော့ အခြား ဆက်သွယ်ရေး ကုမ္ဗဏီရဲ့ ဆင်းကဒ်ကို ထည့်သုံးလို့ မရပါဘူး။ အချို့က ရပေမယ့် Error ဖြစ်တာမျိုးတွေ ရှိပါတယ်။ အများစုကတော့ မရပါဘူး။ အဲ့လိုကျရင် ဖုန်းကို Unlock လို့ခေါ်တဲ့ သော့ဖြည်ခြင်း ပြန်လုပ်ရ ပါတယ်။ အဲ့ဒါက ဖုန်းကို Root လုပ်တာ မလုပ်တာနဲ့ မဆိုင်ပါဘူး။ ဒါပေမယ့် အချို့ lock ချထားတဲ့ ဖုန်းများကတော့ Root ဖောက်လိုက်တာနဲ့ Lock ဖြည်သွားတာမျိုးတို့ ရှိပါတယ်။ အများစုကတော့ lock ဖြေရန် လျှို့ဝှက်ကုဒ်တစ်ခု ထည့်ရပါတယ်။ အဲ့ဒီကုဒ်တွေကလည်း အွန်လိုင်းမှာ ရှိနေပါတယ်။ ဖုန်း Service သမားတွေ ပိုရှာတတ်ပါတယ်။ အကယ်၍ မိမိရဲ့ နိုင်ငံခြားက မိတ်ဆွေတွေက Lock လုပ်ထားတဲ့ဖုန်း ဝယ်လာရင် SIM ကဒ်ထည့်ကြည့်လို့ သုံးမရဘူးလား ဆိုပြီးတော့ စိတ်မပူသွားပါနဲ့။ Android ဖုန်းက ဆင်းကဒ် အတွက် Lock ဖြည်ရတာ မခက်ပါဘူး။ ခက်တာကတော့ iPhone ဖြစ်ပါတယ်။ Lock လုပ်ထားတဲ့ အိုင်ဖုန်းများက unlock လုပ်ရတာ ပိုခက်ပါတယ်။ ဒါကြောင့်ပဲ Lock လုပ်ထားတဲ့ အိုင်ဖုန်းတွေကို တစ်သိန်း၊ နှစ်သိန်းတို့နဲ့ ရောင်းချတာကို ပတ်ဝန်းကျင်မှာလည်း မြင်ဖူးပါလိ့မ်မယ်။ သူ့ Unlock လုပ်ခက သိန်း ချီ ရှိနေလို့ပါ။ Android ကတော့ သက်သာပါတယ်။ ဖုန်းအမျိုးအစားပေါ် မူတည်ပြီးတော့ service သမားများက ဈေးနှုန်းပြောပါလိမ့်မယ်။ အများစုကတော့ တစ်သိန်းအောက်မှာပါပဲ။
သော့ခပ်တယ်ဆိုလို့ သော့တုံးကြီးနဲ့ ခပ်ထားတာ မဟုတ်ပါဘူး။ အခြားသော ဆက်သွယ်ရေး ကုမ္ဗဏီက ဆင်းကဒ်ကို ထည့်လိုက်ရင် ဆက်သွယ်လို့မရအောင် နည်းပညာဖြင့် ပိတ်ထားခြင်းမျိုးသာ ဖြစ်ပါတယ်။ ဒါပေမယ့် ဒီနောက်ပိုင်းမှာ ဖုန်းကုမ္ဗဏီနီတွေက ယင်း နည်းပညာ ကျင့်သုံးခြင်းကို တဖြည်းဖြည်းနဲ့ ရှောင်ကြဉ်လာပါတယ်။ user တွေကို ပိုပြီးတော့ လွတ်လပ်ခွင့်ပေးချင်လို့ပါ။ သူုတို့ Network လိုဂိုပါတဲ့ဖုန်းများ ဖြစ်နေလဲ အခြား ဆင်းကဒ် ထည့်သုံးလို့ရတာမျိုးကို ဒီနောက်ပိုင်း ဖုန်း အချို့မှာ တွေ့လာရ ပါတယ်။ အကယ်၍ နိုင်ငံခြား ခရီးစဉ်ကို သွားရတဲ့အခါ နိုင်ငံတကာမှာ သူတို့နဲ့ စာချုပ်ချုပ်ထားတဲ့ ဆက်သွယ်ရေး ကုမ္ဗဏီကဒ်များ အသုံးပြုလို့ရအောင် လုပ်ပေးတာမျိုးတို့၊ သူတို့ နိုင်ငံအခွဲလုပ်ငန်း ဝန်ဆောင်မှုကို ပေးသုံးစေတာမျိုးတို့ လုပ်လာပါတယ်။ ဒါပေမယ့် ကုန်ကျစရိတ်တွေကတော့ သုံးတဲ့သူ ခံရတာပါ။ သာမန်ဖုန်း အသုံးပြု သလိုပဲ ဖြစ်ပါတယ်။
ဒီလောက်ဆိုရင် ဖုန်း ဆင်းကဒ် လော့ခ် ခြင်း အကြောင်းကို အခြေခံအားဖြင့် သိရှိပြီလို့ ယုံကြည်ပါတယ်။
credit - အောင်ခမ်း (MMAS)